Alpha Lubrication System

ညီညီထွေး (Chief Engineer)

ခေတ်မီနည်းပညာတခုဖြစ်သော Computer Programmed Electro-Hydraulic Alpha Lubrication System တည်ဆောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပါဝင်တပ်ဆင်ထားသော စက်ပစ္စည်းအစိတ်အပိုင်းများ

၎င်းစံနစ်တွင် ပါဝင်တပ်ဆင်ထားသော စက်ပစ္စည်း အစိတ်အပိုင်းများမှာ Cylinder Lubricating Oil Tank, Pump Station, Computer Programmed Control Unit, HMI (Human Machine Interface) နှင့် Solenoid Operated Lubricator တို့ပါဝင်ကြပြီး ဆက်စပ်လျှက်ရှိသော အီလက်ထရွန်းနစ် စက်ပစ္စည်းအစိတ်အပိုင်းများအဖြစ် Load Transmitter, Trigger System (Shaft Encoder), Backup Trigger System, Pickups များကိုလည်း တပ်ဆင်ထားပါသည်။

Cylinder Lubricating Oil Service Tank

ဤ Tank မှာ ပုံမှန်သင်္ဘောအများစုတွင် တပ်ဆင်ထားသည့်အတိုင်း Level Gauge, Filling Valve, Tank Outlet Quick Closing Valve နှင့် Man Hole တို့ ပါဝင်တည်ဆောက်ထားပြီး အချို့သင်္ဘောများတွင် Service Tank သို့ Storage Tank မှ တဆင့်ပြန်တင်ရခြင်းများ ရှိသကဲ့သို့ သင်္ဘောအများစုတွင် Storage Tank မှ နေ့စဉ်အသုံးပြုရန် တိုက်ရိုက်သုံးစွဲကြပါသည်။

Pump Station and Starter Panels

Pump Station တွင် Cylinder Lubrication လုပ်ငန်းတာဝန်များကို လုပ်ဆောင်ပေးမည့် Pump ၂ လုံးကို ထိန်းချုပ်မောင်းနှင်မည့် Starter Panels ၂ ခုနှင့်အတူ လိုအပ်ပါက အပူပေးစံနစ် အသုံးပြုနိုင်ရန် အပူပေးကွိုင် (Heating Coil)၊ ဆီစစ် (Filter) နှင့် ဆီကန် (Suction Tank) တို့ပါဝင်ပါသည်။ လျှပ်စစ်စွမ်းအင်ကို သီးခြားစီတပ်ဆင်ထားသည့် Circuit Breaker များမှတဆင့် Starter Panels တခုချင်းစီမှ လက်ခံရရှိပါသည်။

Solenoid Operated Lubricator Units

Main Engine Cylinder အချင်း 700 mm မှ 980 mm ရှိသော ကြီးမားသည့် အင်ဂျင်များ၏ Cylinder တခုစီတိုင်းတွင် Lubrication ကို ဖန်တီးပြုလုပ်ပေးမည့် Solenoid Operated Lubricator Units ၂ ခုပါဝင်ပြီး အချင်း 700 mm အောက်ရှိ အလယ်အလတ်နှင့် အင်ဂျင်ငယ်များတွင် Solenoid Operated Lubricator Units ၁ ခုကိုသာ တပ်ဆင်ထားပါသည်။ Lubricator Units တိုင်းသည် 25 ~ 30 bar ဖိအား အထိအတွင်း၌ နိုက်ထရိုဂျင် ဓါတ်ငွေ့ ကြိုတင်ဖြည့်သွင်းထားသည့် Accumulator တစ်လုံးကို အဝင်ဘက်ခြမ်းတွင်၎င်း၊ 1.5 bar ဖိအားရှိ နိုက်ထရိုဂျင်ဓါတ်ငွေ့ ကြိုတင်ဖြည့်သွင်းထားသည့် Accumulator တစ်လုံးကို အထွက်ဘက်ခြမ်း တွင်၎င်း တပ်ဆင်ထားပါသည်။ အင်ဂျင်အမျိုးအစား၊ Feed Back Pickup နှင့် Solenoid Valve တို့ပေါ်မူတည်၍ Lubricator တစ်ခုစီတိုင်းတွင် အဓိကအားဖြင့် Lubricating Piston ၃ ခု၊ ၄ ခု၊ ၅ ခု (သို့မဟုတ်) ၆ ခုစီ ပါဝင်တပ်ဆင်ထားပါသည်။

Alpha Lubricator Control Unit – ALCU

Cylinder Lubrication ကို ထိန်းချုပ်ခြင်းနှင့် ဖန်တီးခြင်း ပြုလုပ်ပေးရန်အတွက် အဓိက အီလက်ထရွန်းနစ် အစိတ်အပိုင်း ၃ ခုကို Steel Cabinet ထဲ၌ တပ်ဆင်ထားပြီး ၎င်းကို ALCU (Alpha Lubricator Control Unit) ဟုခေါ်ပါသည်။ ၎င်းအီလက်ထရွန်းနစ် အစိတ် အပိုင်း ၃ ခုမှာ …

၁။ MCU (Master Control Unit)

၂။ BCU (Backup Control Unit) နှင့်

၃။ SBU (Switch Board Unit) တို့ဖြစ်ကြပါသည်။

လျှပ်စစ်စွမ်းအင်အနေဖြင့် 24 Volt DC Power Supply ကို စွမ်းအင်ရင်းမြစ် ၂ ခု၏ မတူညီသော UPS Unit Breaker များမှ ရရှိပါသည်။ ဤနေရာတွင် တည်ဆောက်သော သင်္ဘောကျင်း၏ ဆက်သွယ်တပ်ဆင်မှု ကွဲပြားခြင်းကြောင့်လည်း ဖြစ်နိုင်ပါကြောင်း မှတ်သားစေလိုပါသည်။

Load Transmitter

Load Transmitter ကို Fuel Rack အားဖြင့်ဆက်သွယ်ထားပြီး MCU (Master Control Unit) သို့ Fuel Oil Supply အညွှန်းရာနှုန်း (Fuel Index %) ကို အစဉ်လွှဲပြောင်း ပေးပို့နေပြီး MCU သည် အင်ဂျင်၏ Load ကို ရရှိသည့် အချက်အလက်များမှ တွက်ချက်၍ အင်ဂျင်၏ တမိနစ်လည်ပတ်နှုန်း (RPM) ကိုတိုင်းတာရရှိပါသည်။

Trigger System (Shaft Encoder)

Shaft Encoder သည် Crank Shaft ၏ ရှေ့ဆုံးနှင့် ဆက်သွယ်ထားပြီး ၎င်းထံမှ Signal များကို Terminal Box မှတဆင့် Computer Panels များသို့ လွှဲပြောင်းပေးပို့ ပါသည်။ အင်ဂျင်များတွင် Angle Encoder အတွက် Crank Shaft ၏ ရှေ့ဆုံးပိုင်းတွင်ထပ်မံတပ်ဆင်ရန် အခက်အခဲရှိသည့်အတွက် Trigger Ring နှင့် Tacho Pickups များကို အင်ဂျင်၏ Turning Wheel တွင် တပ်ဆင်ထားပါသည်။

Backup Trigger System

Backup Trigger System ကို အင်ဂျင်၏ Turning Wheel တွင် တပ်ဆင်ထားသော အတွင်း၌ Tacho Pickups ၂ ခု ပါရှိသည့် Box အားဖြင့် ဖန်တီးရယူပြီး BCU (Backup Control Unit) သို့ အင်ဂျင်၏ တမိနစ်လည်ပတ်နှုန်း (RPM) ကို လွှဲပြောင်းပေးပို့ ပါသည်။ Signal များကို အမြဲတမ်း အနီးကပ် ထောက်လှမ်းသိရှိနေစေရန် ရည်ရွယ်ချက်အားဖြင့် Backup Pickups များကိုလည်း MCU (Master Control Unit) သို့ ဆက်သွယ်ထားရှိပါသည်။

Human Machine Interface (HMI)

HMI (Human Machine Interface) Panel သည် အင်ဂျင်၏ Cylinder တစ်လုံးစီတိုင်း အတွက် ဖြစ်နိုင်သမျှသော Cylinder Lubrication ကို ချိန်ညှိခြင်း၊ အထွေထွေသော ကိန်းဂဏန်း အချက်အလက် တန်ဖိုးများကို ဖော်ပြခြင်း၊ Pump Station အတွက် ထိန်းချုပ်မောင်းနှင်မည့် Buttons များနှင့် Manual Per-Lubrication ပြုလုပ်ပေးမည့် ခလုပ်များ (Buttons) စသည်တို့ကို လုပ်ဆောင်နိုင်ရန် Engine Control Room တွင် ပုံမှန်အားဖြင့် တပ်ဆင်ထားလေ့ရှိပါသည်။

စံနစ်၏ အလုပ်လုပ်ပုံ အခြေခံသဘောတရား

Pump Station မှ Alpha Lubricator သို့ Cylinder Lubricating Oil Pressure 40~50 bar ဖြင့် ပို့လွှတ်ပေးပါသည်။

MCU (Master Control Unit) သည် Cylinder အတွင်းသို့ Cylinder Lubricating Oil ထိုးသွင်းမှု (The Oil Injection) ကို သက်ဆိုင်ရာ Solenoid Valve အားဖြင့် လုပ်ဆောင်ပေးရန် ညွှန်ကြားပေးပါသည်။

Lubricator တိုင်း၏ Cylinder Lubricating Oil ထိုးသွင်းမှု (The Oil Injection) ဖြစ်စဉ်မှ Feedback Signal ရရှိ၍ LEDs (Light Emitting Diodes) အားဖြင့် Cylinder တိုင်းတွင် တပ်ဆင်ထားသော Solenoid Operated Lubricator Units Box တွင် ဖော်ပြနေပါမည်။

Cylinder Lubricating Timing ကို Signal ၂ ခုဖြစ်သော (က) No. 1 Cylinder ၏ TDC အမှတ်နေရာကို သတ်မှတ်ထားရှိသော Angle Encoder နှင့် (ခ) Crank Shaft ၏ တည်နေရာပြ Trigger မှ အခြေခံရယူပါသည်။ Alpha Lubricator Cylinder Lubricating စံနစ်သည် ပုံမှန်အားဖြင့် Piston Rings များအတွင်းသို့ Cylinder ထဲ၌ လေကျစ်မှုဖြစ်စဉ် (Compression Stroke) အတွင်း အချိန်လိုက် ချောဆီထိုးသွင်းပေးမှု (The Oil Injection) ဖြစ်ပါသည်။

Cylinder အတွင်းသို့ ချောဆီပေးပို့မှု (Cylinder Lubrication) သည် ချောဆီထိုးသွင်းပေးမှု (The Oil Injection) တခုတိုင်း၏ ပုံသေတန်ဖိုးဆောင် အရေအတွက် ထုထည်အတိုင်း ပို့လွှတ်နေခြင်းအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။

ချောဆီထိုးသွင်းမှု (The Oil Injection) ကြိမ်နှုန်း (Frequency) ကို လည်ပတ်မောင်းနှင်လျှက်ရှိသော အင်ဂျင်၏ Fuel Index နှင့် Speed တို့မှ တွက်ချက်ရယူပြီး ပုံမှန်အားဖြင့် မည်သို့သော စွမ်းအင်ပြောင်းအခြေ (Power Mode) ဖြစ်စေ၊ တမိနစ်လည်ပတ်နှုန်း အလျှင်ပြောင်းအခြေ (RPM Mode) ဖြစ်စေ၊ အင်ဂျင်၏ အသားတင် အကျိုးဖြစ် ဖိအား (Mean Effective Pressure – MEP) ပေါ်တွင် တိုက်ရိုက်အချိုးကျပါသည်။

အခြေခံ ချောဆီပေးသွင်းမှုနှုန်း (Feed Rate) ကို အင်ဂျင်၏ အမြင့်ဆုံးသော ရာနှုန်းပြည့် မောင်းနှင်အား (Maximum Continuous Rating 100% – MCR) ၌ အင်ဂျင်တမိနစ်လည်တိုင်းတွင် ရရှိနေသော ချောဆီထိုးသွင်းမှု အကြိမ်အရေအတွက် (Number of Injections Per RPM) ကြားရှိ အပြန်အလှန်ဖြစ်ပေါ်နေမှုနှင့် Lubricator ၏ ရိုက်ချက် (Stroke) များမှ တွက်ချက်ရယူထားပါသည်။

Cylinder တစ်လုံးစီတိုင်းအတွက် ဖြစ်နိုင်သော ချောဆီပေးသွင်းမှုနှုန်း (Feed Rate) ကို HMI (Human Machine Interface) Panel တွင် ၆၀% မှ ၂၀၀% ထိ သတ်မှတ်ထားရှိပြီး ပျက်ကွက်မှုတန်ဖိုး (Default Value) အဖြစ် ၁၀၀% ကို ချိန်ညှိ (Adjustment) ထားပါသည်။

စံနစ်တခုလုံးကို MCU (Master Control Unit) မှ ပုံမှန်လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ်အတွင်း စီစဉ်ထိန်းချုပ်ထားပြီး မည်သည့်အကြောင်းကြောင့်ဖြစ်စေ ချောဆီပေးပို့မှု မအောင်မြင် (Failure) ကြောင်း အီလက်ထရွန်းနစ် အထောက်အကူပြု စက်ပစ္စည်းအစိတ်အပိုင်းများမှ တိုင်းတာသိရှိရလျှင် Engine Control Room တွင် ပေါင်းစည်းသတိပေးချက် (Common Alarm) အဖြစ် သိရှိနိုင်စေပြီး သတိပေးချက်အသေးစိတ်ကို HMI Panel တွင် ဖော်ပြနေမည်ဖြစ်ပါသည်။

အင်ဂျင်အတွက် အန္တရယ်ရှိသော ချောဆီပေးပို့မှုမအောင်မြင် (Failure) ကြောင်း တိုင်းတာသိရှိရလျှင် စံနစ်တခုလုံး၏ စီစဉ်ထိန်းချုပ်မှု အားလုံးကို BCU (Backup Control Unit) မှ အလိုအလျှောက် (Automatically) လွှဲပြောင်းရယူသွားမည် ဖြစ်ပါသည်။ (မှတ်ချက် - ထိန်းချုပ်ခလုပ် - Control Switch ကို “AUTO” နေရာတွင် ထားရှိရန်လိုအပ်ပါသည်။) “BCU in Control” လုပ်ဆောင်နေကြောင်းပြသသည့် မီးလုံးငယ်သည် HMI Panel တွင် ဖော်ပြနေပါမည်။ (ဤသို့ဖော်ပြနေမှုသည် ယခင်တပ်ဆင်မှု အဟောင်းများတွင်သာ မြင်တွေ့ရမည်ဖြစ်ပြီး ယခုခေတ်တွင် တပ်ဆင်ထားသော စံနစ်များတွင် မည်သည့်နေရာ၌မဆို မြင်တွေ့နိုင်ပါသည်။)

BCU (Backup Control Unit) သည် ကြုံရာ ကျဘမ်း (Random) ပို့လွှတ်မှုချိန်မှတ် (Timing) နှင့် တမိနစ်လည်ပတ်နှုန်း အလျှင်ပြောင်းအခြေ (RPM Mode) တို့ကို အခြေခံရယူတွက်ချက်ထားပြီး ချောဆီထိုးသွင်းမှု (The Oil Injection) ကြိမ်နှုန်း (Frequency) ကို BCU မှ အနည်းဆုံးဖြစ်သော အခြေခံချောဆီပေးသွင်းမှုနှုန်း (Feed Rate) အားဖြင့် အင်ဂျင်အတွက် ချိန်ထားသည့် အတိုင်းအဆထက် ၅၀% အပိုဆောင်း၍ ညှိနှိုင်းချိန်ညှိ (Adjust) ပေးသွားမည်ဖြစ်ပါသည်။

Guidance Values Automation

Cylinder Lube Oil Pressure

Cylinder Lube Oil Temperature

Normal Service Value

40–50 bar

Normal Service Value

30-60 °C

Alarm min.

35 bar

Alarm max.

70 °C

Alarm max.

60 bar

စံနစ်တစ်ခုလုံး၏လုပ်ငန်းဆောင်ရွက်ပုံ

HMI (Human Machine Interface) Panel

ပုံမှန်အားဖြင့် HMI Panel တွင် AUTO Mode, MCU Mode, BCU Mode ဟူ၍ နေရာ ၃ ခု ပါရှိပြီး Engine Control Room တွင် မီးလုံးငယ်ဖြင့် ဖော်ပြမည်ဖြစ်ပါသည်။ သို့သော် အချို့သော အပိုထပ်မံတပ်ဆင်ထားသည့် အစိတ်အပိုင်းများ... ဥပမာအားဖြင့် HMI Panel ကို Pump Station ရှိ Starter Panels များတွင် တပ်ဆင်ထားသည်များလည်း ရှိပါသည်။ ထိုသို့ ထပ်မံ အပိုဆောင်းတပ်ဆင်ထားမှုများအတွက် Local/Remote ပြောင်းနိုင်သော ခလုပ် (Switch) ကိုလည်း တပ်ဆင်ထားပါသည်။ Mode နေရာ ၃ ခု၏ ခလုပ် (Switch) သည် အောက်ဖော်ပြပါတို့ကို ပြောင်းလဲရွေးချယ်နိုင်ပါသည်။

(က) AUTO mode - အင်ဂျင်အတွက် အန္တရာယ်ရှိသော ချောဆီပေးပို့မှုမအောင်မြင် (Failure) ကြောင်း တိုင်းတာသိရှိရလျှင် စံနစ်တခုလုံးအတွက် MCU ၏ စီစဉ်ထိန်းချုပ်မှု အားလုံးကို BCU (Backup Control Unit) မှ အလိုအလျှောက် (Automatically) လွှဲပြောင်းရယူသွားမည်ဖြစ်သည့်အတွက် ၎င်းအခြေအနေဖြစ်ပေါ်စေရန် MCU Mode မှ AUTO Mode သို့ ခလုပ် (Switch) ကို Manually ရွှေ့ပြောင်းခြင်းဖြင့် လွယ်ကူ ရှင်းလင်းစွာ ပြောင်းလဲနိုင်ပါသည်။

(ခ) MCU Mode – MCU အားဖြင့် စီစဉ် ထိန်းချုပ်မှုအတွက် လုပ်ဆောင်ရန်။

(ဂ) BCU Mode – BCU အားဖြင့် စီစဉ် ထိန်းချုပ်မှုအတွက် လုပ်ဆောင်ရန်။

၂။ လိမ္မော်ရောင် မီးလုံးငယ် - BCU အားဖြင့် စီစဉ်ထိန်းချုပ်မှုအတွက် အချက်ပြထားခြင်းဖြစ်ပါသည်။

Pump Station ၏ Starter Panels ရှိ ထိန်းချုပ်ခလုပ်များ (Control Buttons) နှင့် အချက်ပြမီးလုံးများ (Indicator Lamps)

Starter Panels တခုစီတွင် အောက်ဖော်ပြပါ ခလုပ်များ၊ အချက်ပြမီးလုံးများ ပါဝင်ပါသည်။

၁။ Manual လုပ်ဆောင်နိုင််ပုံ ရွေးချယ်ရန် နေရာ ၃ မျိုးအဖြစ် ~

REM (Remote) - အဝေးထိန်း မောင်းနှင်မှုဖြင့် Pump များကို အလိုအလျှောက် ထိန်းချုပ်ရန်။

(ပုံမှန်အားဖြင့် အလုပ်လုပ်စေသော နေရာ)

LOC (Local) – Pump Station ၏ Starter Panels များမှ လူကိုယ်တိုင်သာ မောင်းနှင်နိုင်ရန်။

OFF - လူကိုယ်တိုင်အားဖြင့် Pump ကို ရပ်တန့်စေရန်။

၂။ အဖွင့်၊ အပိတ် နေရာ ၂ နေရာ ပြောင်းနိုင်သော 3 Phase 440 Volt ရှိ Power Switch

၃။ Pump မောင်းနှင်နေကြောင်း ပြသသော အစိမ်းရောင်မီးသီး။

၄။ 3 Phase 440 Volt ရှိ လျှပ်စစ်ဓါတ်အားပေးပို့ထားကြောင်း ပြသသည့် အဖြူရောင်မီးလုံးတို့ ဖြစ်ကြပါသည်။

Alpha Lubricator System ကို မောင်းနှင်ခြင်း (အင်ဂျင်မမောင်းမှီ)

Pump Station သို့ Cylinder Oil ဖြည့်သွင်းရန် ချောဆီပေးပို့သောပိုက်လိုင်းရှိ Valves များကို ဖွင့်ပြီး လေထွက်ပေါက် (Venting Cock) တပ်ဆင်ထားပါက ဖွင့်ထားရပါမည်။ ၎င်း လေထွက်ပေါက် (Venting Cock) ကို ဆက်သွယ်လျှက်ရှိသော ပိုက်လိုင်းအတွင်းမှ Cylinder Oil များ ထွက်လာသည့်အခါတွင် ပြန်ပိတ်ပါမည်။

Pump Station ရှိ Starter Panels မှ 3 Phase 440 Volt Power Switch ကိုဖွင့်ပါမည်။

Starter Panels မှ LOC (Local) နေရာသို့ ပြောင်း၍ Pump တစ်လုံးကို manual မောင်းပြီး အခြား Pump တစ်လုံးကို အသင့်အသုံးပြုရန် အရံအနေအထားတွင် ရှိနေစေပါမည်။ Pump ၂ လုံးစလုံး တပြိုင်တည်း မောင်းနှင်နိုင်မှု ရှိ မရှိ စစ်ဆေးရပါမည်။

Pump မောင်းနေစဉ် ဆီစစ်ပေါ်ရှိ ဖိအားအပြောင်းအလဲကိုပြသသော Indicator သည် အစိမ်းနေရာတွင် ရှိ မရှိ ကို စစ်ဆေးပါမည်။

ဖိအားတည်ရှိမှု 40~50 bar အတွင်း ရှိ မရှိ စစ်ဆေးရန်နှင့် လိုအပ်ပါက Pump Station အပေါ်တွင်တပ်ဆင်ထားသည့် Pressure Regulator Valve ကို ချိန်ညှိပေးရပါမည်။ လက်ကျန်ဖိအားသည် ခွင့်ပြုနိုင်သည့် အဆင့်အနေအထားတွင် ရှိ မရှိ ကို Pump ၂ လုံးစလုံးကို မောင်း၍ စစ်ဆေးမှုကိုလည်း ပြုလုပ်ပါမည်။

Engine Control Room ရှိ HMI Panel မှ [ESC] နှင့် [PRE LUBE] ခလုပ်ကို နှိပ်၍ Lubricator Unit အားလုံး၏ အလုပ်လုပ်ပုံ မှန်ကန်မှု ရှိ မရှိ ကို Feed Back Signal မှ LEDs မီးလုံးများကို စောင့်ကြည့်ခြင်းဖြင့် စမ်းသပ်စစ်ဆေးပါမည်။ [PRE LUBE] ခလုပ်ကို နောက်တကြိမ် ထပ်မံနှိပ်ခြင်းဖြင့် စမ်းသပ်မှုကို ရပ်တံ့နိုင်ပါသည်။ Alpha Lubricator System ၏ လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးရန်အတွက် သော်၎င်း၊ အင်ဂျင် Overhaul လုပ်ထားပြီးချိန်များတွင် Cylinder Lubrication ကို စစ်ဆေးရန်အတွက်သော်၎င်း Scavenge Air Receiver အတွင်းရှိ Inspection Hole မှ Lubricator များ၏ Non-Return Valve များမှ Cylinder ထဲသို့ Lubrication ပေးသွင်းနေမှုကို မျက်မြင် စစ်ဆေးနိုင်ပါသည်။

Manual မောင်းထားသည့် Pump ကို ရပ်ပြီး Starter Panels မှ REM (Remote) နေရာသို့ ပြောင်းရွှေ့ထားရပါမည်။ ယခုဆိုလျှင် Alpha Lubricator System သည် အလုပ်လုပ်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

အင်ဂျင်နီယာများအတွက် သင်္ဘောအသစ် စတင်ရေချချိန်တွင် စမ်းသပ် စစ်ဆေး မောင်းနှင်မှုများ ပြုလုပ်စဉ်ကတည်းက Alpha Lubricator System တစ်ခုလုံး၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ အဆင့်ဆင့်သော စမ်းသပ် စစ်ဆေးမှု အားလုံးကို လုပ်ဆောင် ချိန်ညှိထားပြီးဖြစ်ပါသည်။

အင်ဂျင်မောင်းနှင်နေစဉ်အတွင်း စစ်ဆေးခြင်း

အင်ဂျင်၏ Auxiliary Blowers များကို စတင် မောင်းလိုက်သည်နှင့် Alpha Lubricator System သည် စီစဉ်ညွှန်ကြားထားသည့်အတိုင်း Program အတိုင်း အလိုအလျှောက်ချောဆီပေးပို့ခြင်း (Automatic Pre Lubrication) ကို ပြုလုပ်ပေးပါသည်။ အင်ဂျင်ကိုရပ်ထားစဉ် (မကြာခဏ မောင်းခြင်း ရပ်ခြင်း မလုပ်လျှင်) Pump Station သည် မောင်းနေသာ Pump ကို အလိုအလျှောက် ရပ်တန့်ပေးမည်ဖြစ်ပါသည်။

အင်ဂျင်ကို စတင်မောင်းနှင်သောအခါ Pump Station ရှိ သက်ဆိုင်ရာ Pump ကို အလိုအလျှောက်မောင်းနှင်ခြင်း ရှိ မရှိ နှင့် Cylinder Lubricating Oil Pressure 40~50 bar အတွင်း ရှိ မရှိ ကို စစ်ဆေးရပါမည်။

တပ်ဆင်ထားသော Lubricator Unit အသီးသီး၏ အစိမ်းရောင် LEDs မီးလုံးများ လင်းလက်တောက်ပလာမှုကို စစ်ဆေးရပါမည်။

Engine Control Room ရှိ HMI Panel တွင် မည်သည့် သတိပေးချက်များမှ မရှိကြောင်း အတည်ပြု စစ်ဆေးရပါမည်။

အင်ဂျင်ပုံမှန်မောင်းနှင်နေစဉ်အတွင်း အခါအားလျှော်စွာ စစ်ဆေးခြင်း

Lubricating Points အားလုံး၏ Cylinder Lubrication ပေးပို့မှုကို ~

(က) Feedback ရရှိနေမှုအတွက် Lubricator Unit အသီးသီး၏ အစိမ်းရောင် LEDs မီးလုံးများ လင်းလက်တောက်ပလာမှုများမှ စစ်ဆေးခြင်း

(ခ) Lubricator Unit အသီးသီး၏ ချောဆီတွန်းပို့နေမှုကြောင့် ဖြစ်ပေါ်လာသော ပိုက်များ၏ တုန်ခါမှု သက်ရောက်နေခြင်းကို ထိ တွေ့ ခံစားရခြင်းကို စစ်ဆေးခြင်း၊ (အကယ်၍ သံသယရှိပါက Cylinder Liner ရှိ ပိုက်ကို ဖြုတ်၍စစ်ဆေးခြင်း၊ Cylinder Lubricating Oil စီးဆင်းမှုကို စစ်ဆေးခြင်း)

Pump Station တွင်ပြသနေသော Cylinder Lubricating Oil Pressure (ပုံမှန် 40~50 bar)

Cylinder Oil များ ယိုစိမ့်မှု ရှိ မရှိ စစ်ဆေးခြင်း၊ စသည်တို့ကို လုပ်ဆောင်ရပါမည်။

Alpha Lubrication System ၏ အားနည်းချက် နှင့် အားသာချက်များ။

အားသာချက်များ (Advantages)

၁။ သင်္ဘောပိုင်ရှင်၊ သင်္ဘောလုပ်ငန်းကိစ္စရပ်များကို စီမံခန့်ခွဲပေးသော ကုမ္ပဏီများအတွက် ကုန်ကျစရိတ််ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေသော ချောဆီသုံးစွဲမှုကို သိသိသာသာ လျှော့ချနိုင်ခြင်း။

(Due to significantly reduce the cylinder oil consumption that one of the burden expend of Ship’s Owner or Shipping Management Company would be reduced also.)

၂။ ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုထားခြင်းကြောင့် Cylinder Oil ပေးပို့မှုကို တိကျသောအချိန်အတွင်း မှန်ကန်ထိရောက်စွာ ရရှိနိုင်ခြင်း။

(Effectively and timely lubrication can be obtained by the system used computer programming.)

၃။ Cylinder Liner ပွန်းစားမှုကို လျှော့ချနိုင်ခြင်း။

(Reduce cylinder liner wear.)

၄။ Cylinder Liner သက်တမ်းကြာရှည်စွာ သုံးစွဲနိုင်ခြင်း။

(Can obtain long cylinder liner’s life.)

၅။ Pre-lubricating Oil ပေးပို့မှု ကဲ့သို့သော လူကိုယ်တိုင်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များကို လျှော့ချနိုင်ခြင်း။

(Reduce some procedures such as pre-lubricating operated by manually.)

၆။ Cylinder Lubricating Oil ပေးပို့မှု လုပ်ငန်းစဉ်အားလုံး အဆင်ပြေချောမွေ့မှု ရှိ မရှိ ကို အီလက်ထရွန်းနစ် ပစ္စည်းအစိတ်အပိုင်းများနှင့် ကွန်ပျူတာပရိုဂရမ် အသုံးပြု ပေါင်းစည်း သတိပေးစံနစ်များဖြင့် အစဉ်စောင့်ကြပ်ကြည့်ရှုနေသည့်အတွက် အင်ဂျင်တွင် Cylinder Oil ပြတ်လပ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်ထားနိုင်ခြင်း။

(Can protect dangerous engine troubles which may occur due to cylinder lubrication failure by using common alarms system, controlled by electronic devices and computer programming unit that closed watch whether there were smooth all cylinder lubrication sequence taking place or not.)

အားနည်းချက်များ (Disadvantages)

၁။ ကနဦးတပ်ဆင်စရိတ် ကြီးမြင့်ခြင်း။

(High initial cost)

၂။ အီလက်ထရွန်းနစ်အစိတ်အပိုင်းများနှင့် ကွန်ပျူတာပရိုဂရမ်များ အသုံးပြုထားသည့်အတွက် စံနစ်တွင် အပြစ်ရှာရန်သော်၎င်း၊ ပြုပြင်ရန်သော်၎င်း ခက်ခဲခြင်း။ လွယ်ကူစွာပြန်လည်ပြင်ဆင်ရန် ခက်ခဲခြင်း။

(Difficult to fault finding, difficult to repair and unavailable to easily repair the system which by using electronic devices and Computer Programming Unit – CPU)

၃။ အင်ဂျင်၏ Output Power နှင့် Load အား ကွန်ပျူတာမှ တွက်ချက်ပြီး ထွက်ရှိလာသော Output Power နှင့် Load ပေါ်မူတည်၍ Cylinder Oil ပို့လွှတ်နှုန်းကို ထိန်းချုပ် ပေးပို့သည့်အတွက် ရာသီဥတုကောင်းမွန်ချိန်တွင် အင်ဂျင်၏ တမိနစ်လည်ပတ်နှုန်း များပြားစွာ ထွက်ရှိနေသော်လည်း အင်ဂျင်တွင် Load နည်းသောအချိန် ဖြစ်နေသောကြောင့် Cylinder Oil Consumption ကျဆင်းနေမည်ဖြစ်ပြီး ရာသီဥတုဆိုးရွားစဉ် အင်ဂျင်တွင် Load များချိန် Cylinder Oil Consumption မှာ များပြားနေမည်ဖြစ်သည့်အတွက် Daily cylinder Oil Consumption တွင် Mechanical Lubricator ကဲ့သို့ တူညီနိုင်မည် မဟုတ်ပါ။ Daily Cylinder Oil Consumption ကွာခြားချက်ရှိခြင်း။ ထိုကွာခြားချက်ကြောင့် Ring and Ring Zone Deposit များဖြစ်ပေါ်လာနိုင်ခြင်း။

(So computer program that calculated output power and load consequent to totally controlled the cylinder oil feed rate depending upon an engine’s output power and load. Therefore daily cylinder oil consumption which not same result as mechanical type lubricator because less cylinder oil consumption can result although higher engine r.p.m during low load due to smooth sea (under BF scale 4) but more cylinder oil consumption may result although lower engine r.p.m during high load due to bad weather condition above BF scale 6. Consequently, ring and ring zone deposit may occur.)

၄။ Cylinder Liner နှင့် Piston Rings များကြားတွင် ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော အလွန်သေးငယ်သော သံမှုန် အစအန များ၊ ချောဆီဟောင်းများ (Residual scavenge sludge with oil)၊ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပေါ် ထွက်လာသော ဓာတုဖြစ်စဉ်များကို အစဉ်အမြဲ သိရှိနိုင်စေရန်နှင့် မှန်ကန် ကောင်းမွန်သော ချောဆီပေးပို့နှုန်း (Cylinder oil feed rate) ချိန်ညှိနိုင်စေရန် သင်္ဘောပေါ်ရှိ အထူးစီမံထားသော အထောက်အကူပစ္စည်းများဖြင့် ဓါတ်ခွဲစမ်းသပ်ရခြင်း၊ ဓါတ်ခွဲခန်းများသို့ ပေးပို့စမ်းသပ်ရခြင်း (Cylinder oil scrap down analysis) စသည်တို့ကို တပတ်လျှင် တကြိမ် (သို့မဟုတ်) ထုတ်လုပ်သော ကုမ္ပဏီမှ ထောက်ခံအတည်ပြုထားသော ကာလအပိုင်းအခြားအတွင်း ပုံမှန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရခြင်း။

(In order to know chemical reaction taken place by combustion process, micro particle took place by fraction effect between piston rings and liner metal and proper cylinder oil feed rate to be adjusted into cylinder liner as per maker’s advice, sample of scrap down oil must be tested on board by means of special test kit or sent to recommended lab analysis every once a week or recommended interval.)

ပုံများတင်လို့မရပါသဖြင့် pdf file တွင် down ပါရန်

Comments

Popular posts from this blog

Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ