သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ

ညီညီထွေး (Chief Engineer)

လူသစ် ၊ လူဟောင်း Engine Cadet ၊ J/E ၊ Oiler ၊ Wiper တွေ သင်္ဘောပေါ်မှာ တကယ်အလုပ်လုပ်နိုင်ဖို့ ၊ EER ၊ Watchkeeping လက်မှတ်အတွက် Oral ဖြေတဲ့အခါ အခက်အခဲမရှိစေဖို့နဲ့ စာမေးပွဲဖြေကြမဲ့ အင်ဂျင်နီယာလောင်းများနှင့် သင်္ဘောသားများအားလုံးအတွက် ဗဟုသုတဖြစ်စေဖို့ တင်ပေးတာပါ။
(အစအဆုံး တဆက်ထဲဖတ်လို့ရအောင် ကြိုးစားတင်ပေးလိုက်ပါတယ်။)
***************

သင်္ဘောတစီးနဲ့တစီး ၊ ကုမ္ပဏီတခုနဲ့တခု စီမံခန့်ခွဲပုံခြင်း မတူပေမဲ့ ဆိပ်ကမ်းကပ်ထားတဲ့သင်္ဘောတစီး ပြန်လည်ထွက်ခွာပုံ အစီအစဉ်တွေကတော့ အကြမ်းဖျင်း အားလုံးတူညီကြပါတယ်။ Engine Room Department အတွက်တော့ သင်္ဘောစတင်ထွက်ခွာနိုင်ဖို့ အစီအစဉ်ဆိုတာ Main Engine ကို အဆင်သင့်ပြင်ဆင်ထားခြင်း လုပ်ငန်းတွေပါပဲ။ ဒါ့ကြောင့် အောက်မှရေးသားထားတဲ့ Main Engine ကို အဆင်သင့်ပြင်ဆင်ထားရမဲ့ လုပ်ငန်းတွေအကြောင်းက စပြောရင် ပိုပြီးသင့်လျှော်မှာဖြစ်ပါတယ်။

၁။ ဆိပ်ကမ်းမှ သင်္ဘောတစီးပြန်မထွက်မှီ Cargo Loading (or) Discharging ပြီးတဲ့ အချိန်မှာ (တခါတရံ shore မှ ဖိုမင် ၊ အေးဂျင့် စသည့် သင်္ဘောနှင့်ဆက်ဆံရသည့် တာဝန်ရှိသူများမှတဆင့် ခန့်မှန်းခြေ သင်္ဘောထွက်ခွာမည့်အချိန် - Estimated Time of Departure – ETD ကိုသိရလေ့ရှိသလို) အင်ဂျင်ခန်းမှာဂျူတီယူနေတဲ့ duty engineer (သို့မဟုတ်) duty oiler ထံကို တာဝန်ကျ deck officer မှ အကြောင်းကြားပေးပါတယ်။ ဒီအခါမှာ M/E နဲ့ G/Es F.O flow meter ၊ MDO ၊ LSMGO flow meter ၊ Boiler flow meter ၊ M/E cylinder oil flow meter တွေကိုမှတ်သားထားပြီး Chief Engineer ထံ အကြောင်းကြားပေးကာ Chief Engineer မှ F.O ၊ LSFO ၊ MDO ၊ LSMGO ၊ M/E Cylinder oil ၊ M/E system oil ၊ G/Es system oil တို့ရဲ့ consumption and R.O.B များကို တွက်ချက်ပြီး Departure Condition အတွက် တာဝန်ကျ deck officer မှတဆင့် bridge သို့ တရားဝင်အကြောင်းကြားပေးပို့ ရပါတယ်။ Departure Condition ဆိုတာကတော့ သင်္ဘောထွက်ခွာမဲ့ ဆိပ်ကမ်းက အေးဂျင့်မှတဆင့် Port Clearance အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ အကောက်ခွန်ဌာန (custom) ထံပေးပို့ရတာဖြစ်လို့ အရေးကြီးပါတယ်။
ဒီ့နောက်မှာတော့ bridge မှ သင်္ဘောထွက်ခွာရန် ၁နာရီအလိုမှာ (ခန့်မှန်းခြေပြောတာပါ။ တကယ်တော့ သင်္ဘောမထွက်မှီ ၂နာရီလောက် ကြိုတင်ပြင်ဆင်ထားကြပါတယ်။ ဒါကတော့ သင်္ဘောရဲ့ commander ဖြစ်တဲ့ Master ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်ပါတယ်။ တခါတလေ ၁နာရီကြိုပြောထားပေမဲ့ သင်္ဘောမထွက်ဖြစ်တာ ၊ နာရီဝက် ၁၅ မိနစ်လောက် စောထွက်တာတွေလဲ ရှိကြတာပါပဲ။) အင်ဂျင်ခန်းကို One Hour Notice လှမ်းပေးပါတယ်။ One Hour Notice ပေးတယ်ဆိုတဲ့အဓိပ္ပါယ်က နောက် ၁နာရီအကြာမှာ ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာမှာဖြစ်တဲ့အတွက် အင်ဂျင်ခန်းမှ လိုအပ်သော စက်ပစ္စည်းများအားလုံး ကြိုတင်ပြင်ဆင်နိုင်ဖို့ အချိန်ပေးတာပေးဖြစ်ပါတယ်။
One Hour Notice ရပြီးတာနဲ့ တာဝန်ကျ duty oiler (သို့မဟုတ်) duty engineer တွေက စတင်လုပ်ဆောင်ရမှာက Log book မှာ One Hour Notice အချိန်မှတ်ထားပြီး Chief Engineer နဲ့ Engine Room In-charge ဖြစ်တဲ့ 1/A.E (2/E) ကိုအကြောင်းကြားမယ်။ 1/A.E (2/E) အင်ဂျင်ခန်းကိုရောက်လို့ ခွင့်ပြုချက်ရတာနဲ့ Generator ၁လုံးထဲမောင်းထားရင် နောက် ၁လုံးထပ်နှိုးပြီး synchronizing လုပ်ကာ load share လုပ်ရပါမယ်။ အကယ်၍ Cargo Loading (or) Discharging လုပ်နေကတည်းက Generator တွေ အနည်းဆုံး ၂လုံး မောင်းထားပြီးသားဆိုရင်တော့ ဒီအဆင့်ကိုကျော်ပေါ့။ Bow thruster ပါတဲ့သင်္ဘောမျိုးဆိုရင်တော့ လိုအပ်ရင် Generator ၃လုံးအထိ load share လုပ်ထားရမှာဖြစ်ပါတယ်။

၂။ Generator တွေထပ်မောင်းပြီး synchronizing လုပ်ကာ load share လုပ်ပြီးလို့ အားလုံး normal running condition မှာရှိနေပြီဆိုရင်တော့ မမောင်းရသေးတဲ့ (သို့မဟုတ်) ရပ်ထားတဲ့ pump တွေ ပြန်မောင်းထားရပါမယ်။ သင်္ဘောမှာ pump တွေက Auxiliary machinery တွေပဲဖြစ်ပြီး Main Engine မောင်းနှင်ရာမှာထောက်ကူပေးမဲ့ M/E L.O pump ၊ M/E camshaft L.O pump ၊ (အချို့သင်္ဘောဟောင်းများမှာ သီးသန့်တပ်ဆင်ထားပါသည်။) M/E crosshead L.O pump ၊ (Mitsubishi UEC နှင့် B&W engine တို့တွင် မတပ်ဆင်ထားပါ။ Sulzer RTA engine တွင် သီးသန့်တပ်ဆင်ထားပါသည်။) တို့ကို သင်္ဘောမထွက်မှီ အနည်းဆုံး ၂နာရီခန့် ကြိုတင်မောင်းနှင်ထားရန် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီ pump တွေက များသောအားဖြင့် သင်္ဘောရပ်ထားသော်လည်း တောက်လျှောက်မောင်းနှင်ထားတဲ့ pump များဖြစ်ပါတယ်။ unit overhaul လို ၊ exhaust valve လဲတာတို့လို maintenance လုပ်တဲ့အချိန်မျိုးမှာသာ ခတ္တခဏရပ်ထားကြတာ ဖြစ်ပါတယ်။ ထို့အတူ Main Engine Jacket cooling F.W pump ဆိုရင်လည်း warming ပေးထားရတဲ့အတွက် တောက်လျှောက်မောင်းထားတာပါ။ warming temperature 60˚C ~ 70˚C အတွင်း ပေးထားလေ့ရှိပါတယ်။ unit overhaul လို ၊ exhaust valve လဲတာတို့လို maintenance လုပ်တဲ့အချိန်မျိုးဆိုရင်တော့ M/E Jacket cooling F.W pump ရပ်ထားရတာပေါ့။ ခုနောက်ပိုင်း ခေတ်ပေါ်သင်္ဘောတွေ အားလုံးနီးပါးဟာ ECA area ပြင်ပမှာ HSFO 380 cSt သုံးတဲ့အင်ဂျင်တွေဖြစ်တာကြောင့် fuel oil အပူချိန် 120 ~ 130˚C (viscosity 12 ~ 14 cSt) မှာ ရှိနေဖို့လိုအပ်တာဖြစ်လို့ steam ပေးပြီး circulation လုပ်ထားနိုင်ဖို့အတွက် သင်္ဘောရပ်နားထားပေမဲ့ F.O booster pump ၊ F.O circulating pump တွေကို လည်း တောက်လျှောက် မောင်းထားပေးရပါတယ်။ ဟိုးအရင် ၂၅နှစ် လောက်ကာလက တချို့သင်္ဘောတွေမှာတော့ 180 cSt HFO ကိုသုံးတာတွေလဲရှိပါတယ်။ ဒီလိုသင်္ဘောတွေမှာ သင်္ဘောဆိပ်ကမ်းကိုမဝင်ခင် Stand by engine ပေးတဲ့အချိန်မှာကတည်းက HFO သုံးနေတာကနေ maneuvering period အတွက် Main Engine နှိုးရလွယ်ကူအောင် MDO ပြောင်းသုံးတာတွေ ရှိခဲ့ပါတယ်။ ဒီလို သင်္ဘောမျိုးတွေမှာဆိုရင်တော့ သင်္ဘောမထွက်ခင် ၁နာရီအလိုလောက်မှသာ F.O booster pump နဲ့ F.O circulating pump တွေ ပြန်မောင်းဖို့လိုအပ်ပြီး သင်္ဘောရပ်ထားချိန်တွေမှာ ရပ်ထားလေ့ရှိပါတယ်။ MDO ပြောင်းသုံးထားတဲ့အတွက် viscosity ကျသွားတာကြောင့် pump တွေရဲ့ gland packing တွေကနေ ဆီယိုပြီး အဲ့ဒိ့ကနေတဆင့် အင်ဂျင်ခန်းမီးလောင်မှာစိုးလို့ပဲ ဖြစ်ပါတယ်။ Main Cooling S.W pump ကိုတော့ မောင်းစရာမလိုသေးပဲ သင်္ဘောထွက်ပြီး Jacket temperature ၊ L.O temperature တို့ တက်လာတော့မှ temperature controller setting ပြန်ချိန်ပြီး cooler တွေအတွက် ပြန်မောင်းပါတယ်။ Main Cooling S.W pump က ပုံမှန်ဆိုရင် သင်္ဘောရပ်စဉ်ထဲက ရပ်ထားရပါတယ်။ ဒီနေရာမှာလဲ M/E ရဲ့ cooling medium က ရိုးရိုး Sea water cooling ကိုသာ ဆိုလိုတာဖြစ်ပါတယ်။ Central cooling system သုံးတဲ့သင်္ဘောတွေမှာတော့ cooling medium အတွက် F.W သုံးတဲ့ LT (low temperature) pump နဲ့၊ warming ရစေဖို့နဲ့ Jacket cooling အတွက် HT (high temperature) pump တွေကို သင်္ဘောရပ်ထားပေမဲ့ တောက်လျှောက်မောင်းထားလေ့ရှိကြပါတယ်။ သင်္ဘောထွက်ဖို့လိုအပ်တဲ့ pump တွေ မောင်းထားပြီးပြီဆိုရင် လေအိုးကြီးတွေ (main air bottles) ထဲမှာ လေအပြည့်ရှိ မရှိ စစ်ဆေးရမှာဖြစ်ပြီး အကယ်၍ လေအပြည့်မရှိရင် air compressor တွေမောင်းပြီး လေဖြည့်ထားရမှာ ဖြစ်ပါတယ်။ F.O service tank ၊ F.O settling tank တွေထဲမှာ ရှိနေနိုင်တဲ့ ရေကိုလဲ drain လုပ်ပြီး temperature တွေ မှန် မမှန် စစ်ဆေးထားရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ F.O settling tank temperature က 70˚C ~ 80˚C လောက်ရှိပြီး F.O service tank temperature ကတော့ 80˚C ~ 90˚C လောက်ရှိပါတယ်။ F.O tank တွေရဲ့ temperature အနည်းအများကို tank တွေအနီးအနားမှာရှိတဲ့ steam heating valve တွေနဲ့ tracing valve တွေနဲ့ ချိန်ညှိနိုင်ပါတယ်။

၃။ ပြီးတဲ့အခါ M/E ကို turning gear အသုံးပြုပြီး နာရီဝက်ခန့် လှည့်ထားပေးရပါမယ်။ ဒီအခါမှာ unit တိုင်းရဲ့ (mechanical lubricator ဖြစ်ပါက) Cylinder Lubricator တွေကို အပတ်ရေ ၅၀ခန့် ရိုက်ထားပေးရမယ်။ Lubricator ရိုက်နေရင်း Lubricator တွေထဲက non-return ball လေးတွေ တက်လိုက်ဆင်းလိုက် ဖြစ် မဖြစ် check လုပ်ရမယ်။ B&W main engine အတွက် Alfa lubricator တပ်ဆင်ထားတာဆိုရင်တော့ ECR ထဲမှာရှိတဲ့ HMI panel ပေါ်က pre-lube button ကို နှိပ်ရုံပဲဖြစ်ပါတယ်။ ဒါပေမဲ့ Alfa lubricator စံနစ်ရဲ့ pre-lube ပေးတာက အချက် ၁၀၀၀ ပဲပေးတာဖြစ်လို့ လိုအပ်ရင် cylinder oil pre-lube ထပ်ပေးဖို့လိုပါလိမ့်မယ်။ ထို့အတူ Sulzer RT flex အင်ဂျင်တွေက lubricator စံနစ်မှာလဲ ဒီအတိုင်းပဲဖြစ်ပါတယ်။

၄။ လေအိုးများ (main air bottles) ထဲမှာ သိုလှောင်စုစည်းထားတဲ့ starting air ဟာ air compressors များမှ ဖိညှစ်စုစည်း ပေးထားသော လေများဖြစ်တဲ့အတွက် ချောဆီ (lubricating oil) အစအနများ ၊ ရေမှုန်ရေမွှားများ စသည်တို့လည်း လေအိုးကြီးများ (main air bottles) ထဲမှာ စုစည်းတည်ရှိနေနိုင်ပါတယ်။ ၎င်းတို့ကို မှန်ကန်စွာ ဖွင့်ဖေါက်စွန့်ထုတ်ခြင်း (drain) များကို အင်ဂျင်မနှိုးမှီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလို main air bottles တွေကို drain မလုပ်ဘူးဆိုရင် အင်ဂျင်စတင်မောင်းနှင်ဖို့ လေအိုးများဖွင့် လိုက်တာနဲ့ ဆီအညစ်အကြေးတွေရှိတဲ့ starting air များဟာ starting air pipe line တလျှောက်သို့ ဝင်ရောက်လာမှာဖြစ်ပြီး၊ starting air ဆိုတာ အင်ဂျင်ကို အမြဲမပြတ်ပို့လွှတ်နေတဲ့ လေများမဟုတ်ပဲ အင်ဂျင်စတင်နိုးမည့် အချိန်အခိုက်အတန့်ပိုင်းလောက်တွင်သာ ပို့လွှတ်ပေးသောလေများဖြစ်တာမို့ ဆီအညစ်အကြေးများပါရှိသော starting air များသည် လေအိုးများဖွင့်ထားစဉ်ကာလတလျှောက်လုံး starting air pipe line ထဲမှာ ခိုအောင်းနေမှာဖြစ်ပါတယ်။ ဒါဟာ Starting Air Line Explosion ဖြစ်တဲ့အထိ ဦးတည်စေနိုင်တာမို့ starting air ကို အင်ဂျင်နိုးခါနီး last moment ကြမှသာ ဖွင့်သင့်ပါတယ်။ မဖွင့်ခင်မှာလည်း သေချာစွာ drain လုပ်ရမှာဖြစ်ပါတယ်။

၅။ ဒီ့နောက်မှာတော့ turning gear ဖြုတ်မယ်။ အဲ့ဒိအခါမှာ turning gear ရဲ့ safety pin က သူ့နေရာနဲ့သူ သေချာစွာနေသားတကျရှိနေဖို့ အလွန်အရေးကြီးပါတယ်။ အကယ်၍ safety pin က သူ့နေရာနဲ့သူ မဝင်နေပါက သင်္ဘောမောင်းတဲ့အခါ vibration ကြောင့် လည်ပတ်နေတဲ့ flywheel ထဲ ရောသွားနိုင်ပြီး အကြီးအကျယ်ပျက်စီးမှာဖြစ်လို့ အလွန်အန္တရယ်ကြီးပါတယ်။

၆။ လေအိုးအထွက်ဗား (main air bottle outlet valve) ဖွင့်မယ်။ M/E starting air valve (B&W engine တွင် exhaust trunk အောက်ဖက်ရှိ automatic ball valve) ဖွင့်မယ်။

၇။ အင်ဂျင်ခန်းထဲမှာ မိမိလုပ်ထားခဲ့သမျှ Main Engine ကို အဆင်သင့်ပြင်ဆင်ထားတဲ့ အလုပ်တွေအားလုံး သေချာမှုရှိ မရှိ ပြန်စစ်မယ်။ Duty engineer ကိုလဲ duty oiler က စစ်ခိုင်းရမယ်။ Duty engineer ကလဲ သေသေချာချာစစ်ရမယ်။ ဥပမာ ~ turning gear ရဲ့ safety pin က သူ့နေရာနဲ့သူ သေချာစွာနေသားကျ မကျ ၊ မောင်းထားတဲ့ ပန့်တွေရဲ့မော်တာတွေ ပုံမှန်ရှိ မရှိ ၊ အရမ်းပူနေသလား ၊ ညှော်နံတွေထွက်နေလား ၊ Ampere တွေတက်နေလား စသဖြင့် သေချာအောင်စစ်ရမယ်။ ပြီးရင် Engine Control Room (ECR) ထဲက control console မှာပြသနေမဲ့ pressure ၊ temperature ၊ indicating light စတာတွေအားလုံးကို ပြန်စစ်မယ်။ ဥပမာ ~ turning gear ထုတ်ပြီးရင် “turning gear disengage” မီးစိမ်း ၊ M/E starting air valve ဖွင့်ပြီးရင် “starting air open” မီးစိမ်း ၊ M/E ahead မှာရှိနေရင် “cam ahead” မီးစိမ်း စသဖြင့် ပြသနေမှာဖြစ်ပါတယ်။

၈။ ဒီတော့ ECR ထဲမှာ pump တွေမောင်းထားတာကိုပြန်စစ်ကြည့်ရင် ဖော်ပြနေမဲ့ pressure တွေကိုကြည့်ရမယ်။ Main switch board က pump တွေမောင်းတဲ့ panel တွေမှာလဲ မီးအစိမ်းနဲ့ ပြနေမယ်။ Motor တွေရဲ့ ampere ကိုစစ်ရမယ်။ မောင်းထားတဲ့ pump တွေရဲ့ pressure တွေကို အကြမ်းဖျင်းပြောရရင် … M/E L.O pump (press: 2.5 ~ 3.5 kg/cm2) ၊ Main Engine Jacket cooling F.W pump (press: 3.0 ~ 4.0 kg/cm2) ၊ M/E fuel oil (press: 7 ~ 8 kg/cm2) ၊ Main Cooling S.W pump (press: abt. 2 kg/cm2 သို့သော် by pass valve နဲ့ ပြန်ချိန်ဖို့လိုတယ်။ သင်္ဘောရဲ့ draft ပေါ်လဲမူတည်တယ်။) ၊ M/E starting air (press: 25 ~ 30 kg/cm2) ၊ Main Air Bottle (press: 25 ~ 30 kg/cm2) ၊ Control air (press: 6.5 ~ 7.0 kg/cm2) ၊ Safety air (press: 6.5 ~ 7.0 kg/cm2) ၊ Scavenge air (press: abt. 1.2 kg/cm2 အကြမ်းဖျင်း engine load ပေါ်မူတည်တယ်။ သင်္ဘောရပ်ထားရင် pressure မရှိပါ။) Steam pressure abt. 5 ~ 7 kg/cm2 (for composite boiler) ရှိမယ်ဆိုတာ သိရှိထားဖို့လိုပါတယ်။

၉။ အားလုံးစီစဉ်ပြီးတဲ့အခါမှာ Engine Room In-charge ဖြစ်တဲ့ 1/A.E (2/E) ကိုသတင်းပို့ပြီး 1/A.E (2/E) က နောက်ဆုံး အကြိမ် အသေးစိတ်ထပ်မံစစ်ဆေးရပါမယ်။ အားလုံးစစ်ဆေးပြီးလို့ ကျေနပ်ပြီဆိုရင်တော့ Chief Engineer ထံကို Control Test နဲ့ Steering Gear Test တွေလုပ်ဖို့ ခွင့်ပြုချက်တောင်းရပါမယ်။ Chief Engineer ထံမှ ခွင့်ပြုချက်ရပြီဆိုပါက bridge မှာရှိတဲ့ duty officer ထံကို propeller clear ဖြစ် မဖြစ် ၊ mooring line တွေခိုင်ခံ့မှု ရှိ မရှိ စစ်ဆေးခိုင်းရပါမယ်။ အားလုံးကင်းရှင်းပြီဖြစ်တဲ့အကြောင်း bridge မှာရှိတဲ့ duty officer ထံမှ အတည်ပြုချက်ရပြီဆိုရင် Propeller Clear တောင်းတဲ့အချိန်နဲ့ အတည်ပြုပြီးကြောင်း Log Book မှာ မှတ်တမ်းတင်ရပါမယ်။ ပြီးရင် Control Test လုပ်မှာဖြစ်ပါတယ်။

၁၀။ Control test ဆိုတာ Engine Room ထဲက Main Engine ၊ Steering Gear ၊ Telegraph အစရှိတဲ့ စက်ကရိယာအစိတ်အပိုင်းများက သင်္ဘောမောင်းတဲ့အခါ (သို့မဟုတ်) Maneuvering လုပ်တဲ့အခါမှာ Bridge ကပေးသမျှ information signal ကို ကောင်းစွာလက်ခံရရှိပြီး manually ဖြစ်စေ ၊ automatically ဖြစ်စေ စက်ပစ္စည်းကိရိယာတွေရဲ့ system များအရ ကောင်းစွာ အလုပ်လုပ်နိုင်စွမ်း ရှိ မရှိ test လုပ်တာဖြစ်လို့ Control and Response test လုပ်တယ်လို့ သိရှိထားရမှာဖြစ်ပါတယ်။ Control test လုပ်ဖို့ Bridge နဲ့ ဆက်သွယ်ပြီး Telegraph test လုပ်မယ်။ ပြီးတဲ့အခါမှာ Main Engine ကို blow လုပ်ပါမယ်။ ဒီအခါမှာ လုပ်ရမဲ့အစီအစဉ်တွေက ECR ထဲက control console မှာတပ်ထားတဲ့ Auxiliary Blower (manual/auto mode) selector switch မှ မောင်းချင်တဲ့ တစ်လုံးကို manually ပြောင်းပြီး အရင်မောင်းပါမယ်။ Auxiliary Blower Motor က starting load ကြောင့် စက္ကန့်ပိုင်းလောက် ampere တက်ပြီး ပြန်ကျလာတာကို တွေ့ရပါမယ်။ ampere ပြန်ကျလာရင် နောက်ထပ် Auxiliary Blower တစ်လုံးထပ်မောင်းပါမယ်။ Auxiliary Blower ကို auto mode ပြောင်းပြီး auto start လုပ်ခိုင်းလဲရပါတယ်။ ဒါပေမဲ့ No.1 ၊ No.2 Blower Motor ကို တလုံးပြီးမှတလုံးမောင်းစေဖို့ electrical system မှာ time delay နဲ့ setting လုပ်ထားတဲ့အတွက်ကြောင့် time delay setting နည်းတဲ့အခါမှာ No.1 ၊ No.2 Auxiliary Blower Motor နှစ်လုံးစလုံး တပြိုင်တည်းနီးပါးလောက် ထလည်ရင် Generator ရဲ့ Load တွေ တပြိုင်တည်းထိုးတက်သွားမှာစိုးလို့ Auxiliary Blower စမောင်းတဲ့အခါ manual မောင်းပြီး နောက်မှ auto mode ကိုပြောင်းထားလိုက်တာက ပိုပြီးအဆင်ပြေတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ခုဆိုရင် သင်္ဘောရဲ့ Main Engine ဟာ starting စလုပ်ဖို့အဆင်သင့် ဖြစ်နေပါပြီ။ air kick ပေးဖို့အတွက် duty engineer နဲ့ duty oiler တို့ကို Main Engine top platform မှာ အဆင်သင့်နေရာယူခိုင်းကာ Indicator cock တွေဖွင့်ထားခြင်းရှိ မရှိ Engine Room In-charge ဖြစ်တဲ့ 1/A.E (2/E) မှ ပြန်လည်စစ်ဆေးခိုင်းပြီး Indicator cock တွေအားလုံး ဖွင့်ထားကြောင်းသေချာပါက 1/A.E (2/E) မှ air kick ပေးပါမယ်။ ဒီအခါမှာ personnel safety အနေနဲ့ Indicator cock တွေနားမှာ ကပ်မနေဖို့အရေးကြီးပါတယ်။ Indicator cock တွေကထွက်လာမဲ့ လေတွေထဲမှာ ရေ ၊ fuel ၊ lube oil စတာတွေ ပါ မပါကို Main Engine top platform မှာရှိနေတဲ့ duty engineer နဲ့ duty oiler တို့က စစ်ဆေးရမှာဖြစ်ပါတယ်။ Indicator cock တွေကထွက်လာတဲ့ လေထဲမှာ ဘာမှမပါဘူးဆိုတာ သေချာအတည်ပြုပြီးတဲ့အခါမှာ Indicator cock တွေအားလုံး ပိတ်ရပါမယ်။ ဒိ့နောက် Indicator cock တွေအားလုံး ပိတ်ထားပြီးဖြစ်ကြောင်း ECR ထဲမှာရှိနေတဲ့ 1/A.E (2/E) ထံ သေသေချာချာ confirm လုပ်ရပါမယ်။ အဲ့ဒိ့နောက်မှာ 1/A.E (2/E) က Main Engine ကို “AHEAD” တချက် ၊ “ASTERN” တချက် tried out လုပ်ပါမယ်။ Main Engine ကို “AHEAD” “ASTERN” movement tried out လုပ်လို့ အင်ဂျင်နိုးသွားတဲ့အခါမှာ duty engineer နဲ့ duty oiler တို့က fuel ပိုက်များကိုကိုင်ကြည့်ခြင်းဖြင့် fuel injection pump များမှ အလုပ်လုပ်နေကြောင်း သိရှိရမှာဖြစ်ပြီး ဆီ ၊ ရေ ၊ လေ ၊ အင်ဂျင်ဝိုင် အခြေအနေတွေကို စစ်ဆေးသွားရမှာဖြစ်ပါတယ်။ အဲ့ဒိနောက်မှာ Steering gear test လုပ်ဖို့ duty engineer က စကားပြောစက်တလုံးနဲ့ Steering room ထဲကိုသွားပြီး bridge နဲ့ဆက်သွယ်ကာ Steering gear မှာတပ်ထားတဲ့ Rudder angle indictor မှာပြနေမဲ့ Port ၊ Starboard ဒီဂရီတွေကို bridge ကလှည့်တဲ့ဒီဂရီအတိုင်း အပြန်အလှန် confirm လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ စကားပြောစက်ကတဆင့် ECR ထဲက စက်ပေါ်မှာလဲကြားနေရတာဖြစ်လို့ ECR ထဲမှာအဆင်သင့်ရှိနေတဲ့ 1/A.E (2/E) က control console ပေါ်မှာဖော်ပြနေမဲ့ Rudder angle indicator မှတဆင့် မှန်ကန်မှုရှိ မရှိ confirm လုပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Steering gear test လုပ်တဲ့အခါ Rudder angle indicator မှာပြသမဲ့ Rudder angle သည် Bridge ရယ်၊ ECR ရယ်၊ Steering gear room ရယ် ၃နေရာစလုံးမှာ အတူတူပဲပြသနေရမှာဖြစ်ပါတယ်။ တချို့သင်္ဘောတွေမှာတော့ ECR control console ပေါ်မှာ Rudder angle indictor တပ်ဆင်ထားခြင်းမရှိပါဘူး။ ဒီလိုသင်္ဘောမျိုးမှာတော့ Bridge နဲ့ Steering gear room ၂နေရာမှာ Rudder angle က အတူတူပဲပြနေရမှာဖြစ်ပါတယ်။ All control and response test ၊ Steering gear test နဲ့ Main Engine “AHEAD” “ASTERN” movement test အချိန်တွေကို Log book မှာ duty engineer (သို့မဟုတ်) 1/A.E (2/E) က သေချာစွာ ရေးသွင်းမှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။

၁၁။ ဒီလိုနဲ့ သင်္ဘောမထွက်မှီ နာရီဝက်ခန့်အလိုမှာ Winch power တွေ စတင်ပေးထားပါမယ်။ Winch power တွေကို တခါတရံ cargo operation နဲ့တိုက်နေလို့၊ crane power တွေပေးထားလို့ ၊ Cargo pump power ပေးထားလို့ စသဖြင့် load များမှာစိုးလို့ မပေးထားတာလဲရှိပါတယ်။ ဒါဆိုရင်တော့ deck department နဲ့ ဆက်သွယ်ညှိနှိုင်းပြီးမှ ပေးရပါမယ်။ bow thruster အတွက်လဲဒီလိုပါပဲ။ ရာသီဥတုပူတဲ့ဒေသတွေမှာ Winch power ပေးပြီး ခဏနေရင် Winch တွေရဲ့ hydraulic cooler တွေအတွက် cooling ပေးဖို့ sea water on deck ပေးထားဖို့လိုပါတယ်။ သင်္ဘောမှာ sea water on deck ကို G.S pump နဲ့ ပေးလေ့ရှိပါတယ်။ ဒီအခါမှာလဲ G.S pump pressure ကို overboard valve နဲ့ ချိန်ပေးဖို့လိုပါတယ်။ အေးတဲ့ရာသီဥတုနဲ့ ရေခဲနေတဲ့ဒေသတွေမှာ Winch power တွေမပေးခင် အေးနေတဲ့ system ထဲက hydraulic oil တွေ circulation ကောင်းအောင် Winch Motor တွေကို ၁စက္ကန့်မောင်း ၂စက္ကန့်ရပ် ၃ကြိမ်လောက်လုပ်ပေးပြီး၊ ၃စက္ကန့်မောင်း ၂စက္ကန့်ရပ် ၅ကြိမ်လောက်လုပ်ပြီးတော့မှ တောက်လျှောက်မောင်းထားသင့်ပါတယ်။ တခါတလေ sea water on deck ပေးထားလို့ ကျောက်ပေါက် (hawser pipe) မှ အရှိန်နဲ့ထွက်လာတဲ့ရေတွေ jetty ပေါ်ကျလို့ ဆိပ်ကမ်းက complaint လုပ်လာရင် ကျောက်ပေါက် (hawser pipe) ကိုသွားတဲ့ valve ၂လုံး ပိတ်ထားလိုက်ရင် အဆင်ပြေပါတယ်။ အဆင့် (၁၁) ထိ စီစဉ်ဆောင်ရွက်ပြီးရင်တော့ engine room အနေနဲ့ သင်္ဘောထွက်ဖို့ အဆင်သင့် ဖြစ်နေပြီး ရေကြောင်းပြ (pilot) အလာကို စောင့်ရုံပဲရှိပါတော့တယ်။ ဒီအချိန်မှာ cargo operation လဲပြီးနေပြီဖြစ်လို့ crane power တွေ ၊ cargo pump power တွေ vehicle carrier သင်္ဘောတွေမှာဆိုရင် ramp power တွေ စတဲ့ မလိုအပ်တော့တဲ့ power တွေ အားလုံး switch off လုပ်ထားလို့ရပြီဖြစ်ပါတယ်။

၁၂။ သင်္ဘောထွက်ဖို့ ရေကြောင်းပြ (pilot) ရောက်တဲ့အချိန်ကို Pilot Onboard (P.O.B) လို့ခေါ်ပါတယ်။ Duty oiler တယောက်က P.O.B အချိန်ကိုရေးမှတ်ပြီး flow meter တွေကိုပါ မှတ်သားကာ Chief Engineer ထံ consumption နဲ့ R.O.B တွက်ချက်ဖို့ ပေးရပါမယ်။ ဒီ့နောက်မှာတော့ bridge မှ Stand by engine (SBE) ပေးမှာဖြစ်ပြီး telegraph ကိုလဲ bridge မှ Stand by engine ရိုက်မှာဖြစ်ပါတယ်။ သင်္ဘောတွေမှာ SBE အချိန်ကို များသောအားဖြင့် ၆ နဲ့စားလို့ပြတ်တဲ့ ကိန်းဂဏန်းတွေသာ ပေးလေ့ရှိပါတယ်။ ဥပမာ ~ ၁၆၄၈ နာရီ စသဖြင့်ပေါ့။ SBE ပြီးရင်တော့ mooring line အားလုံးဖြုတ်ပြီးတဲ့အချိန် (all line clear) ပေးပါမယ်။ ထုံးစံအတိုင်း ၆ နဲ့စားလို့ပြတ်တဲ့ ကိန်းဂဏန်းပါပဲ။ all line clear ဖြစ်ပြီးရင် သင်္ဘောထွက်ပြီပေါ့။ all line clear လဲဖြစ်ပြီးပြီ။ သင်္ဘောလဲထွက်ပြီဆိုရင် မလိုအပ်တော့တဲ့ winch power တွေပိတ်ဖို့ bridge ကို အတည်ပြုချက်တောင်းရပါမယ်။ SBE မှ RFA မပေးခင် maneuvering လုပ်နေတဲ့ ကာလတလျှောက်လုံးက movement တွေအားလုံးကို movement book (Bell Book) ထဲမှာ အချိန်နဲ့အတိအကျ မှတ်တမ်းတင်ထားရပါမယ်။ ECR ထဲက control console မှာ Maneuvering printer ပါတဲ့သင်္ဘောတွေမှာတော့ movement book (Bell Book) ထဲမှာ ရေးမှတ်စရာမလိုပါဘူး။ ဒီလိုနဲ့ သင်္ဘောကို maneuvering လုပ်ပြီးမောင်းသွားလိုက်တာ ရေကြောင်းပြ (pilot) ဆင်းတဲ့ နေရာရောက်လို့ ရေကြောင်းပြ (pilot) ဆင်းသွားတဲ့အခါ pilot away ထပ်ပေးရပါတယ်။ pilot away နောက်တော့ သင်္ဘောကို speed ဖြည်းဖြည်းချင်းတင်ပေးရပြီး အခြားသင်္ဘောတွေနဲ့ ခပ်ဝေးဝေး အန္တရာယ်ကင်းတဲ့ ရေလမ်းနယ်မြေ ရောက်တဲ့အခါ Run Full Away (RFA) ပေးပါတယ်။ bridge မှပေးလာသမျှ အချိန်တွေအားလုံးမှာ flow meter တွေကိုပါ မှတ်သားထားပြီး Chief Engineer ထံ consumption နဲ့ R.O.B တွက်ချက်ဖို့ ပေးရပါမယ်။ RFA ပေးပြီး သင်္ဘောလဲ ပုံမှန်အတိုင်း တဖြေးဖြေးမောင်းနေပြီဆိုတဲ့အခါမှာ sea water on deck ပေးထားတဲ့ pump တွေပြန်ရပ် ၊ main air bottle outlet valve ကိုပြန်ပိတ် ၊ M/E ဘေးက Main Starting Air valve ကိုပြန်ပိတ် ၊ M/E Starting air line ထဲမှာရှိတဲ့ လေတွေကို drain လုပ် ၊ Purifier ၊ Clarifier (လိုအပ်ရင်) မောင်း ၊ Fresh Water Generator မောင်း (သင်္ဘောထွက်လာပြီးကမ်းနဲ့ မိုင် ၅၀ လောက် အနည်းဆုံး ကွာဝေးတော့မှ မောင်းသင့်ပါတယ်) ၊ Sewage treatment plant ထဲပြောင်းပေးထားတဲ့ 3-way valve ကို Overboard ဖက်ကိုပြောင်း (သင်္ဘောထွက်လာပြီး ကမ်းနဲ့ မိုင် ၅၀ ကျော်လောက် ရောက်တော့မှ Bridge နဲ့ညှိနှိုင်း ၊ Chief Engineer ထံမှခွင့်ပြုချက်ယူပြီးမှ ပြောင်းသင့်ပါတယ်)

၁၃။ Maneuvering တလျှောက်လုံးမှာ main engine ရဲ့ temperature တွေ၊ pressure တွေဟာ (အထူးသဖြင့် M/E Jacket Cooling F.W temperature ၊ M/E F.O pressure) အတက်အကျ အပြောင်းအလဲမြန်နေတာ ၊ မငြိမ်သေးတာတွေရှိနေတာမို့လို့ ဒီအချိန်မှာ Engine Room In-charge ဖြစ်တဲ့ 1/A.E (2/E) ရော ၊ duty engineer ရော duty oiler ရော အားလုံးက အသံ ၊ အနံ တွေအပါအဝင် စေ့စေ့စပ်စပ်နဲ့ ၁၀ မိနစ် တခါ ၊ ၁၅ မိနစ်တခါလောက် round check လုပ်ပေးဖို့လိုအပ်ပါတယ်။ ထူးခြားချက်တွေ့တာနဲ့ ချက်ချင်း action ယူဖို့နဲ့ response ကောင်းဖို့ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ရွှင်လန်းပါစေ
ညီညီထွေး (Chief Engineer)

ပုံစာမှာ သင်္ဘောတစ်စီး၏ ECR control console တခုဖြစ်ပါသည်

Comments

Popular posts from this blog

Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

Alpha Lubrication System